ချောက်မြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ချောက် သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို သြဂုတ်လ ၂၁ ရက်မှစ၍ နံနက် ၆ နာရီမှ မွန်းလွဲ ၁နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော အများပြည်သူ့ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ ​သြဂုတ်လ ၂၁ ရက်နေ့တွင် အငြိမ်း ပင်စင်ထုတ်ယူသူ (၈၅၀) ဦးရှိရာ အငြိမ်းစားဝန်ထမ်းစုစုပေါင်း ပင်စင်ထုတ်ယူမည့်သူ (၃၃၃၆) ဦးရှိကြောင်းနှင့် အငြိမ်းစားဝန်ထမ်းပင်စင်လာရောက်ထုတ်ယူသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)