တောင်တွင်းကြီး သြဂုတ် ၂၁
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေ ရေးသားသည့် "မျှဝေလိုသော အတွေးများ ၅" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက "အတွေ့အကြုံတိုင်းမှာ ရွေးချယ်စရာတွေ ရှိပါတယ်"၊ "ငါးကြီးကြီးရရင် ပြန်လွှတ်ပေးသူ”၊ “လောကကြီးကို ကျေးဇူးမတင်တက်သူ”၊ “တောမီးငြိမ်းသတ်တဲ့ စာကလေး” စာစုများအား ဖတ်ကြားခဲ့ပြီး မိမိတို့ နားလည်သဘောပေါက်သည်များအား ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာ တောင်တွင်းအောင်သက်ဦးနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှုခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာပေအုပ်စာပေများ လေ့လာဖတ်ရှုပြီးပါက စာအုပ်ပါအနှစ်ချုပ်အကြောင်းအရာများ၊ မှတ်သားထားသင့်သည်များအား မှတ်စုစာအုပ်ဖြင့် ရေးမှတ်ရန်လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကိုရရှိစေပြီး လုပ်ငန်းခွင် အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်းမှ Grade(10) ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)