မြဝတီမြို့၌ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

မြဝတီ ဩဂုတ် ၂၁

မြန်မာတိုင်းရင်းသားလူမျိုးများ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုဓလေ့စရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုသောရည်ရွယ်ချက်ဖြင့် ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊  မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ City Home ခန်းမ၌ အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပသည်။

အခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်းစံလင်း၊ အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးဇော်ဟံဦး၊ ကရင်ပြည်နယ်၊ သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ   ဘာသာပေါင်းစုံ ချစ်ကြည်ရေး နာယက ဦးစောမုတ်သုန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးကျော်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုဝါသနာရှင်များက “အောင်စေ၊ ပိုင်စေ”  သီချင်းသီဆို၍ ကျောင်းသား၊ ကျောင်းသူနှစ်ဦးက အကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ပေးသည်။

ဆက်လက်၍ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မြဝတီမြို့နယ်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာများမပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များ အနုပညာအမွေအနှစ်ကို လက်ဆင့်ကမ်းဆောင်ရွက်စေလိုသောရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြော ကြားပေးသည်။

ထို့နောက် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရာ အခြေခံပညာအဆင့် (၁၀-၁၅) အကပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၈ ဦး၊ အခြေခံပညာအဆင့် (၁၅-၂၀) အကပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၇ ဦး၊ အခြေခံပညာအဆင့်(၁၀-၁၅) အဆိုပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၁၄ ဦး၊ အခြေခံပညာအဆင့် (၁၅-၂၀) အဆိုပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၁၀ ဦး၊ အခြေခံပညာအဆင့်(၁၀-၁၅) မဟာဂီတပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၂ ဦး၊ အခြေခံပညာအဆင့် (၁၀-၁၅)အမျိုးသားအတီးပြိုင်ပွဲတွင် ၁ ဦး၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှစ်ဦးနှင့် ကဗျာလွတ်အဖွဲ့လိုက် ၁၅ဖွဲ့ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၁၂ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)