မုံရွာ သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက်လမ်းပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါတံတားတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဟုမ္မလင်းဒေသသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခြေခံကုန်ကြမ်း ပေါကြွယ်ဝသဖြင့် MSME လုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့် ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေးနှင့် ဈေးကွက်ရရှိရေးအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဟုမ္မလင်းမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက နန်တုန်ကျိန်းချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်း၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့က နန်တုန်ကျိန်းချောင်း ကူးကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နန်တုန်ကျိန်းချောင်း ကူးကွန်ကရစ်တံတားသစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်စကားများပြောကြားကာ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ နန်တုန်ကျိန်းချောင်းကူးကွန်ကရစ်တံတားသည် အရှည်- ၈၀ ပေ၊ အကျယ် - ၂၀ ပေ၊ RCC ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ဟုမ္မလင်းမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဟုမ္မလင်းခရိုင်အတွင်း စီမံကိန်းလုပ် ငန်းများဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ နမ့်ပငအသေးစားရေအားလျှပ်စစ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ် ငန်းသုံးပစ္စည်းများ ရောက်ရှိမှုအခြေအနေများအား လည်းကောင်း၊ ချင်းတွင်းတံတား(ထမံသီ) တည်ဆောက်ရေးစီမံကိန်းမှ ညွှန်ကြားရေးမှူးက တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)က ချင်းတွင်းတံတား (ထမံသီ) ချဉ်းကပ်လမ်းများ တည်ဆောက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဟုမ္မလင်းခရိုင် လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက မိုးရွာသွန်းမှုကြောင့် ဟုမ္မလင်းခရိုင်အတွင်းရှိ လမ်းများပျက်စီးခဲ့မှုနှင့် ပြန်လည်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟုမ္မလင်းခရိုင်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်သွားရေးတို့အား မှာကြားခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)