‌မင်းဘူး(စကု)မြို့နယ်တွင် မိုးနှမ်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကာ ဈေးကောင်းလည်းရရှိ

မင်းဘူး  ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးနှမ်းသီးနှံများကို တောင်သူများ၏ ယာမြေများတွင် မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ နှမ်းများအပင်အား‌ကောင်း၍ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းရရှိကြကြောင်း ရေပုတ်ကျေးရွာ နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် မေလလယ်ခန့်က ရွာသွန်းခဲ့သည့် မိုးရေအစိုဓာတ်ဖြင့် မိုးနှမ်းများကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။ ယခုအခါနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းပြီး နှမ်းဈေးနှုန်းများလည်းကောင်းကာ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၇၀၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၃၀၀၀၊ နှမ်းနီတစ်တင်းလျှင် ကျပ် ၁၂၃၀၀၀ ဈေးဖြင့် ရောင်းချရကြောင်း သိရသည်။

ယခုအချိန်တွင် တောင်သူများအနေဖြင့် မိုးနှမ်းများကို စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး နှမ်းရိတ်သိမ်းပြီးချိန်တွင် ပဲတီစိမ်း၊ ပဲပုတ် စသည့် သီးနှံများကို ထပ်မံစိုက်ပျိုးသွားမည်ဟုသိရကာ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးညှပ်များ စိုက်ပျိုးရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်းလည်း ရေပုတ်ကျေးရွာ နှမ်းစိုက်တောင်သူ ကိုပြားကြီးထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)