ကြံခင်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများ အသိဉာဏ်ပညာဗဟုသုတများဖွံဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (အ.မ.က) မြို့မမြောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကေသွယ်ရှင်းက ကျောင်းသား/သူများ မူလတန်းအဆင့်မှစပြီး စည်းကမ်းကောင်းသော ပညာရေးတွင်သာမက ပြင်ပဗဟုသုတများတိုး ပွားစေရေးအတွက် အသိပညာပေးခြင်းကို ဂရုစိုက်မှတ်သားကြရန်ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က အနာဂါတ်မျိုးဆက်သစ်များ စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူး (၇) မျိုးအား အသိပညာပေးဟောပြောပြီးနောက်၊ ဒုတိယဦးစီးမှူးဒေါ်မေသဉ္ဇာနှင်းက ပြည်သူ့စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန် သုတ၊ ရသစာအုပ်မျိုးစုံအား လာရောက်လေ့လာဖတ်ရှုခြင်း၊ (အခမဲ့) ဌားရမ်းဖတ်ရှုပုံနည်းစနစ်များ၊ စည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းဟောပြောကြသည်။
အသိပညာပေးဟောပြောပွဲသို့ (အ.မ.က) မြို့မမြောက်ကျောင်းမှ ကျောင်းသား/သူ (၄၀) ဦးနှင့် ဆရာ/ဆရာမများတက်ရောက်ကြကြောင်းနှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ဝိုင်းများ၊ စကားပုံဆက်ခြင်း၊ အရုပ်ဆက်ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ အသိပညာပေးစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်ပေးရာ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှူလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)