ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လူမှုရေးရာဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်

ဟားခါး သြဂုတ် ၂၁

ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သြဂုတ် လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးကွပ်ကဲမှု အောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လူမှုရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနများအနေဖြင့် မိမိတို့ဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ဂဃဏန နားလည်သဘောပေါက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လည်း သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အချို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကိန်းဂဏန်းများဖြင့်ဖော်ပြ၍မရပါကြောင်း၊ မည်သည့်လုပ်ငန်းမဆို ထိရောက်မှုရှိသောလုပ်ငန်းဖြစ်ရန် အဓိကဖြစ်ပါကြောင်း ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပထမ (၃) လပတ်အတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် တင်ပြလိုသည့်အချက်များကို တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက ရှင်းလင်းတင်ပြပြီးနောက် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ချင်းပြည်နယ်ပညာရေးမှူး၊ ဟားခါးပညာရေးဒီဂရီကောလိပ် တာဝန်ခံကျောင်းအုပ်၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ သာသနာရေးဦးစီးဌာန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ ပြည်နယ်ဦးစီးမှူးများက ပထမ (၃) လ ပတ်အတွင်း မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တင်ပြလိုသည့် အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်တို့က လိုအပ်ချက်များ ဖြည့်စွတ်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)