ကန်ကြီးထောင့် ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ဇူလိုင်လ (၂၉) ရက်နေ့က အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ မြို့မဈေးသစ်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ ရေများဝင်ရောက်၍ နစ်မြုပ်မှုတို့ကြောင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဈေးရောင်းချသူများအား အမှတ် (၁) ရပ်ကွက်၊ ကမ်းနားဈေးသစ်လမ်းသို့ ယာယီရွှေ့ပြောင်းခဲ့ပြီး ဈေးရောင်းချသူများက ဈေးများအားဆက်လက် ရောင်းချခဲ့ကြရာ ယခုအခါ မြစ်ရေပြန်လည် ကျဆင်းခြင်းတို့ကြောင့် မြို့မဈေးသစ်အတွင်း ကျန်ရှိနေသည့်သဲနှုံးနှင့်အမှိုက်များအား ဩဂုတ်လ (၁၉) ရက်နေ့ကမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဈေးဝန်းကျင်တွင်းအဖွဲ့ဝန်ထမ်းများမှစုပေါင်း၍ ပေါက်တူးများဖြင့်လည်းကောင်း၊ ဂေါ်ပြားများဖြင့်လည်းကောင်း အသီးသီးရှင်းလင်းကာ သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)