ဘားအံ ဩဂုတ် ၂၀
ကရင်ပြည်နယ်၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့်ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ အာဟာရဖွံဖြိုးတိုးတက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲ စားသုံးကြရခြင်းဖြစ်ကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ တည်ရှိနေပါကြောင်း၊ ထို့ကြောင့် နေ့စဉ်စားသုံးသော အစားအစာများဟာ သန့်ရှင်းပြီး အာဟာရဓာတ်များ ပြည့်ဝဖို့လိုအပ်ပါကြောင်း ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်ကို နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နှစ်စဉ်ရွေးချယ် ပေးပြီး ကျင်းပလေ့ရှိရာ ယခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်မှာတော့ မိခင်နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့ ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ်အဖြစ် နေ့စဉ်စာသင်နှစ်တစ်နှစ်ရဲ့ ဩဂုတ်လ ဒုတိယအပတ်မှာ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရန် ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်တာဝန်ရှိသူများသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်မှတ်တမ်း ဗီဒီယိုအားတက်ရောက်လာသည့် ဧည့်ပရိသတ်များနှင့်အတူ ကြည့်ရှုအားပေးပြီး၊ စာစီစာကုံးပြိုင်ပွဲ(အထက်တန်း)အဆင့် ထူးချွန်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ဆုရရှိသူများအား ကရင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့နာယကကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ (အလယ်တန်း၊ မူလတန်း) အဆင့်ထူးချွန်ဆု ရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်းကောင်း၊ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကာ ဆုရရှိသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ နာယကနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှု ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရလက်ဆောင်များပေးအပ်ခြင်း၊ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခြင်း၊ ကလေးသူငယ်များအား ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခြင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များမှ သရုပ်ပြချက်ပြုတ်နေမှုများအား ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)