အထက်မင်းလှ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ Hospital Family Day အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ပြည်သူလူထု အားကိုးယုံကြည်သော ဆေးရုံများဖြစ်ပေါ်လာစေရန် ဆေးရုံမိသားစုနေ့ Hospital Family Day ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မင်းလှမြို့နယ်အတွင်းရှိ ဆေးရုံများမှ ပြည်သူများကို ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုပေးနေသောလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)