ငဖဲ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားပြီး ငါးသုံးကောင် ပုံပြင်ကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။
ထို့နောက် အခြေခံပညာမူလတန်းဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းဆင့် Grade- 3 ကျောင်းသား/သူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ (၅) ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ကာ ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)