ပေါင်းတည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၌ တောင်သူများ၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဖြည့်ဆည်းပေးရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ နေ့လယ်ပိုင်းတွင် စိုက်ကွင်းကြီးကြပ်တာဝန်ခံများသည် မြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့်ရေကြီး၍ ရေလွှမ်းခဲ့သော စပါးစိုက်ခင်း ဧက ၄၀၀ ခန့်မှ ထိခိုက်ပျက်စီးခဲ့သော စပါးပင်များအား ပြန်လည်စိုက်ပျိုးပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး စိုက်ခင်းရှင်တောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာ၌ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများထိခိုက်မှုများရှိလာပါက ပြန်လည်ကုစားနိုင်ရန်အတွက် နှစ်စဉ်ဒေသနှင့်ကိုက်ညီသည့်သက်တမ်းတိုးပျိုးပင်များ အရန်ပျိုးအဖြစ် ကြိုတင်စုဆောင်းထားရန်၊ ရေလွတ်နိုင်သည့်ကုန်းမြေတွင် အရန်ပျိုးပင်များမြေပေါင်တင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးထားရန်၊ ပြန်လည်အစားထိုးစိုက်ပျိုးရာ၌ အထွက်နှုန်းသေချာစေရန် စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးရန်၊ သဘာ၀မြေသြဇာနှင့်ဓာတ်မြေသြဇာတို့ကို အချိုးကျထည့်သွင်းရန်၊ ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ကြရန်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို နှိုးဆော်ခဲ့ကြသည်။
ထို့အပြင် ဒေသတွင်း၌ ဖြစ်ပွားတတ်သည့် စပါးပင်နုများအား ကိုက်ဖြတ်စားသုံးတတ်သော ရွှေခရုအန္တရာယ်နှိမ်နင်းနည်းများကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)