သနပ်ပင် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အ.မ.က(လွန်) ပြွန်ပေါက်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဦးကျော်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကလေးအလုပ်သမားအကြောင်းအရာများကို အသိပညာပေးဟောပြော ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိဒေါ်ညိုပြာနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွါးစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့်ပုံပြင်ပြောပြခြင်း၊ စာအုပ်များအားဖတ်ရှုစေခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)