ပြည်မြို့ "တေဇ" အခြေခံပညာမူလတန်းလွန်ကျောင်း၌ "စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ" ဆောင်ရွက်

ပြည် ဩဂုတ် ၂၀

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ပြည်မြို့"တေဇ"အခြေခံပညာမူလတန်းလွန်ကျောင်း၌ "စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ" စသည့် လူငယ်အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကိုသန့်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်ထွဋ်ကောင်းက "စာပေဖတ်ရှုပြီး ဗဟုသုတများရယူခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ဥပဒေပါ အကြောင်းများကိုလည်းကောင်း၊ စာရေးဆရာမောင်ထက်ရှားက စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးအကြောင်းကိုလည်းကောင်းစသည့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သိကောင်းစရာအကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြော‌ပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငယ်ငယ်စိုးက ဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့အတူ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို "ကလေးစာပေအမျိုးအစား" စာအုပ်စာစောင်များဖတ်ရှု‌လေ့လာနိုင်ရန် ဆောင်ရွက်ပေးကြရာ ကလေးများက စိတ်ဝင်တစား‌လေ့လာဖတ်ရှုကြသည်။

၎င်းအပြင် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေဗဟုသုတများတိုးပွားရရှိစေရန်နှင့် ကဗျာ၊ ကာတွန်းနှင့် စာစီစာကုံးအပါအဝင် ကျောင်းတွင်းအထွေထွေပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အထောက်အကူပြုဖြစ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် "မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး အဆိုအမိန့်၊ သတင်းဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် ဓာတ်ပုံမှတ်တမ်းများ ဖော်ပြပါဝင်သည့် နံရံကပ်စာစောင်များ"ကိုလည်း ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများက စိတ်ဝင်တစားလေ့လာကြည့်ရှုမှတ်သားကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် အမြဲမပြတ်လေ့လာသင်ယူလိုစိတ်များရှိလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုတများရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာလိုစိတ်နှင့် ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်များကို အသုံးပြုလိုစိတ်ရှိလာစေရန်၊ စာအုပ်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာ‌ပေတွင်မွေ့လျော်ကာ မိမိတို့၏တန်ဘိုးရှိသည့် ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ စာဖတ်ခြင်းဖြင့် စာဖတ်သက်ရင့်သန်လာမှုနှင့်အတူ အတွေးအခေါ်အယူအဆကောင်းများရရှိပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာများထက်မြက်ဖွံ့ဖြိုးရင့်သန်လာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ကောင်းကျိုးများစွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာလူငယ်များ ထွက်ပေါ်လာစေရန်စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)