မုံရွာမြို့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်း၊ မုံရွာ၊ ဟုမ္မလင်း၊ ခန္တီး၊ လဟယ်၊ ကလေးမြို့တို့၌ (၆) ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စစ်ကိုင်းမြို့တွင် ဇွန်လ (၂၆) ရက်နေ့က ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုလတွင် မုံရွာမြို့၊ အ.ထ.က (၂) မှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ ပွဲတော်တွေကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားလူငယ်များ ငယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် အခြေခံပညာကျောင်းများကိုအခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပြုလုပ် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျင်းပဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မုံရွာမြို့မှာ ကျင်းပဆောင်ရွက်မည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို မုံရွာမြို့ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအားလုံး တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြဖို့လိုပါကြောင်း၊ ဌာနဆိုင်ရာများမှလည်း ပြခန်းများ ထည့်သွင်းပြသစေလိုပါကြောင်း၊ ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်စေရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပခဲ့မှု Video Click အား ပြသပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျောင်းသား၊ ကျောင်းသူများအတွက် စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြော၊ ကဗျာရွတ် စသည့်ဉာဏပြိုင်ပွဲ (၇) မျိုးနှင့် ပျော်ရွှင်ဖွယ်ရာ Game ပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးမှာဖြစ်သည့်အတွက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများနှင့် ဌာနဆိုင်ရာများမှ ပြခန်းများပြသမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များကို အသီးသီးဆွေးနွေးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

မုံရွာမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအတွက် ဉာဏပြိုင်ပွဲ (၇) မျိုး၊ ပျော်ရွင်ဖွယ်ရာဂိမ်းကစား ပြိုင်ပွဲ (၈) မျိုး၊ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်ပြခန်း၊ ဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ဖျော်ဖြေရေးပွဲများ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)