ဖြူးမြို့နယ်၊ အင်တောကန်ကျေးရွာအတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး မြစိမ်းရောင်စီမံကိန်း နဝမအကြိမ် ချေးငွေထုတ်ချေး

ဖြူး သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သမင်ကွင်းကျေးရွာအုပ်စု၊ အင်တောကန် ကျေးရွာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ နဝမအကြိမ်၊ အသင်းသား(၁၀၄)ဦးအား ချေးငွေကျပ်(၄၃၇)သိန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေထုတ်ချေးရာတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများအလိုက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းအသင်းသားများက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်း နဝမအကြိမ်ချေးငွေ ပေးအပ်ရာ စိုက်ပျိုးရေးလုပ်ငန်းအသင်းသား (၄၆)ဦးအတွက် (၂၇၅၅၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ငန်းအသင်းသား (၅၈)ဦးအတွက် (၁၆၁၅၀၀၀၀) ကျပ်၊ စုစုပေါင်း အသင်းသား (၁၀၄)ဦးအတွက် ချေးငွေ(၄၃၇၀၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)