ပေါက်ခေါင်းမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်းများ ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

ပေါက်ခေါင်း ဩဂုတ် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊‌ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်းရှိကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြည်ထောင်စုရန်ပုံငွေနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း(၃)လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၃၀ ရာခိုင်နှုန်းခန့် ပြီးစီး‌နေပြီဖြစ်ကြောင်း‌ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၄၂ သန်းဖြင့် စောကဲ(အနောက်)ကျေးရွာကုန်ထုတ်လမ်းအရှည် ၀/၄.၈၄၈ မိုင် × ၁၂ ပေ × ၂ ပေ ၉ လက်မနှင့် Pipe Culvert(၆)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် မန်ကျည်းပင်(မြောက်)ကျေးရွာကုန်ထုတ်လမ်း ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ၂၆၈ ဒသမ ၄၉ သန်းဖြင့် ကျေးရွာကုန်ထုတ်လမ်းအရှည် ၂/၀.၉၇ မိုင်× ၁၂‌ ပေ × ၂‌ ပေ ၉ လက်မ၊ Pipe Culvert (၅)စင်း၊ Box Culvert (၁)စင်း၊ ရေကျော်(၁)စင်း၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေ ၈၂ ဒသမ ၅၉ သန်းဖြင့် မိုးမညို(တောင်)လမ်းအရှည်ပေ (၀/၀.၅၇၆ မိုင် × ၁၆ ပေ × ၉ လက်မ)၊ Box Culvert (၁)စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ထုတ်ကုန်များလွယ်ကူစွာသယ်ယူနိုင်ရန်ရည်ရွယ်၍ နှစ်စဉ်ပြည်ထောင်စုဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)