ရှမ်းရွာသစ် ဩဂုတ်၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့်ကူးစက်ရောဂါတို့မှကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာအစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအာဟာရ(၃)အုပ်စုကို မျှတပြည့်ဝစွာစားသုံးရန်စသည့် ကျန်းမာရေးအကြောင်းသိကောင်းစရာများလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ စသည်ဖြင့် အသိပညာပေးဆွေးနွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါနှင့်ဆုံဆို့နာရောဂါ ကာကွယ်ဆေးများထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ရာဇဝင်မေးခြင်း၊ HIV/AIDSရောဂါစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် သွေးပေါင်ချိန်များတိုင်းတာပေးခြင်း စသည့်လိုအပ်သောကျန်းများရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)