ရွှေတောင် သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၁၉ B) ကွင်းအတွင်းရှိ တောင်သူဦးမြင့်ဆွေ၏ (၁.၂၅)ဧကရှိ လယ်မြေတွင် ဗီယက်နမ်စပါးမျိုးစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး (၃)သီးဧကများပြည့်မီစွာ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် လမ်းဘေးဝဲယာများတွင် အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၂၁)မင်းရွာကွင်းအတွင်းရှိ တောင်သူဦးလင်းလင်း၏ လယ်မြေတွင် ဗီယက်နမ်စပါးမျိုး(၁၀)ဧက မျိုးသန့်မျိုးပွားစိုက်ပျိုးထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများလည်း စိုက်ပျိုးဆောင်ရွက်နိုင်ရေးမှာကြားပြီး ခရိုင်စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းတွင် မေထုံမဲ့သားစပ်သင်တန်း ပို့ချဆောင်ရွက်သွားမည်ဖြစ်ရာ နို့ထွက်ကောင်းမွန်စေရေး နို့စားနွားများနှင့် ဒေသနွားများသားစပ်မွေးမြူနိုင်ရေး တိုင်း/ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ကြို့ကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာရှိ တောင်သူများ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ထုတ်ချေးရရှိနိုင်ရေး တင်ပြမှုအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးမှ သက်ဆိုင်ရာခရိုင်/မြို့နယ် စီးပွားရေးဘဏ်များဖြင့်ချိတ်ဆက်၍ ချေးငွေများအမြန်ပြန်လည်ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နွားမယံကျေးရွာအုပ်စု၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)ဦးစီးဌာနရှိ နတ်မှော်မြစ်ရေတင်ရေပေးဝေမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)