ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်း  အခမဲ့ဖွင့်လှစ်သင်ကြား

ကျွန်းစု ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်လွင် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက “နိုင်ငံတော်အစိုးရမှအလေးအထားအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အဆိုပါ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာက မိတ်ဆက်စကား ပြောကြားခဲ့သည်။

ထိုနောက် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သင်တန်းကို (၁)လကြာ စာတွေ့လက်တွေ့များဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ ‌(၁၅)ဦး တက်ရောက်သင်ယူလျက်ရှိသည်။

ယင်း‌နောက် ဌာနဆိုင်ရာများက smart village ကျေးရွာနှင့် ပတ်သက်သည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)