မိုးညို ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးဦးဆောင်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှဝန်ထမ်းများက မြို့ပေါ် (၄) ရပ်ကွက်ရှိ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဗီတာမင်အေတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် မိုးညိုမြို့ပေါ်ရှိရပ်ကွက်များအလိုက် စုရပ်နေရာများသတ်မှတ်၍ အသက် ၆ လမှ ၅ နှစ်အတွင်းရှိကလေးငယ်များ ဗီတာမင်အေချို့တဲ့မှုမဖြစ်စေရေးအတွက် မိခင်နှင့်ကလေးကျန်းမာရေးဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကလေးငယ်များအား ဗီတာမင်အေကိုယ်တိုင်တိုက်ကျွေးပေးခြင်း၊ ကလေးမိဘများအား ဗီတာမင်အားဆေးရည်ဗူးများပေး၍ တိုက်ကျွေးပုံနည်းစနစ်များအား ပြသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဗီတာမင်အေပြည့်ဝစေရန်အတွက် အသည်း၊ နို့၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် အဝါရောင်အသီးများ၊ အစိမ်းရင့်ရောင်ဟင်းရွက်များ၊ အဝါနှင့်အနီရောင်သစ်ဥသစ်ဖုများ စာသုံးပေးရန်လိုကြောင်း၊ ဗီတာမင်အေပြည့်ဝသောကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ မျက်ဝန်းတောက်ပရွှန်းစို၍ မျက်စိအမြင်အားကောင်းခြင်းတို့ဖြစ်စေပြီး ဗီတာမင်အေချို့တဲ့သောကလေးများသည် ပုံမှန်မကြီးထွားခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျင် ပြင်းထန်ပြီးအသက်အန္တရာယ်ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါနှင့် အပြင်တိမ်စွဲ၍မျက်စိကွယ်ခြင်းများဖြစ်တတ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)