ဖျာပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ဖျာပုံဩဂုတ်၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား/သူများနှင့် မြို့နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပို့ချခဲ့သော ဆရာ/များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား သြဂုတ်လ (၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က (၃)ကျောင်း မြမဉ္ဇူခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးသန့်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံမြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ချီးကျူးစကားပြောကြားသည်။ ထို့နောက် အ.ထ.က (၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက "မြန်မာ့ကျောင်း"သီချင်းဖြင့် လည်းကောင်း၊ အထက (၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးများက "ပန်းကလေးများရဲ့ ဥယျာဥ်မှူး "သီချင်းဖြင့်လည်းကောင်း၊ အသီးသီး သီဆိုဖျော်ဖြေကြသည် ဆက်လက်၍ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက(၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းများအား ဂုဏ်ပြုဆုနှင့် ထောက်ပံ့ ငွေများအသီးသီး ပေးအပ်ကြရာ ဖျာပုံမြို့နယ်အတွင်းရှိ (၆) ဘာသာ၊ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ  ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးနှင့် အောင်ချက် အကောင်းဆုံး ကျောင်းများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)