မင်းဘူး ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးလှိုင်မျိုးကျော်က ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မင်းဘူးမြို့ အ.ထ.က (ခွဲ) မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စနစ်တကျလက်ဆေးကြပါစို့ သရုပ်ဖော်များဖြင့် တင်ဆက်ကာ ဖျော်ဖြေခဲ့ကြပြီး အစာအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ကျောင်းကျန်းမာရေးသတင်းပတ်အထိမ်းအမှတ် ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ခရိုင်မိခင်နှင့်ကလေးဗဟုသုတဉာဏ်စမ်းမေခွန်း (၁၀၀)ဖြေဆိုပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လိုအပ်သည့် ဆေးဝါများ၊ ဖီးကြမ်းငှက်ပျောသီး၊ ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)