သရက်ချောင်းမြို့နယ်၌ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

သရက်ချောင်း ဩဂုတ် ၂၀

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့နံနက်၉နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.ကသရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပသည်။

ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ(၁၅)ဦးတို့က အခြေခံပညာအဆင့်အသက်(၁၀-၁၅)အမျိုးသား/အမျိုးသမီးခေတ်‌ဟောင်းကာလပေါ်‌တေးသီချင်းဖြင့်လည်းကောင်း၊ အသက်(၁၅-၂၀)အမျိုးသား/အမျိုးသမီးခေတ်‌ဟောင်းကာလပေါ်တေးသီချင်းဖြင့်လည်းကောင်း၊ အသက်(၁၀-၁၅)အမျိုးသား/အမျိုးသမီး မဟာဂီတ‌တေးသီချင်းဖြင့်လည်းကောင်း၊ အသက်(၁၅-၂၀)အမျိုးသား/အမျိုးသမီးမဟာဂီတတေးသီချင်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြရာ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ/ဆရာမများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ ရပ်မိ/ရပ်ဖများ၊ မိဘများနှင့်ကျောင်းသား/သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (အခြေခံပညာအဆင့်)ပြိုင်ပွဲမှ မြို့နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့က အမှတ်ပေးစည်းမျဉ်းများနှင့်အညီ အကဲဖြတ်ရွေးချယ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (မြို့နယ်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ ၂၆ရက်နေ့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)