လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို  ဩဂုတ် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ဝံသရေးသားသော “မည်သို့သောလူဖြစ်ရမည်နည်း”နှင့် လက်ရွေးစင်ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းသည် မိမိတို့၏ ဘ၀လမ်းကြောင်းကို ရွေးချယ်ပေးနိုင်ပြီး စိတ်နေစိတ်ထားတို့ကိုလည်း ပြုပြင်ပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ယဉ်မိုးဟန်က “မည်သို့သောလူဖြစ်ရမည်နည်း” ခေါင်းစဉ်မှ “လူ့အဖွဲ့ အစည်းနှင့် နေထိုင်သောလူသည် လူ့ဝတ္တရားများကို ကျေပွန်ဖို့ လိုအပ်ကြောင်း၊ လူသည် ကောင်းမြတ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများကို ကျင့်သုံးသည့် လူဆန်သော လူများဖြစ်ရမည်၊ လူသည်တရားမျှတခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ ကြင်နာသနား တတ်ခြင်း၊ စာနာထောက်ထားခြင်း၊ ကိုယ်ကျိုးချည်းမကြည့်ခြင်းတည်းဟူသော ဂုဏ်ရည်များကို စွဲမြဲခံယူသင့်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသော ဂျာနယ်၊ ကဗျာ၊ ပုံပြင်၊ ဆောင်းပါးနှင့် ရုပ်ပြများစသည့် သုတ/ရသစာအုပ်များကို Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

စာရေးဆရာမောင်ဝံသ ရေးသားသော “မည်သို့သောလူဖြစ်ရမည်နည်း”နှင့် လက်ရွေးစင်ဆောင်းပါးများ စာအုပ်အားဖတ်ရှုခြင်းဖြင့် လူသားတို့ ထားသင့်ထားအပ်သော စိတ်နေစိတ်ထားကို သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)