ပြည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအပတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ဇီးအုပ်တောင်သူလယ်သမားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ (၇၅)ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင်နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် သင်တန်းသည် ကျေးလက်နေတောင်သူလယ်သမားများ၏ လူ့မှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို တောင်သူဦးကြီးများ နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ကိုယ်တိုင်လုပ်ကိုင်နိုင်သည်အထိ စာတွေ့/ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးဆောင်ရွက်ပေးနေသလို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက်လည်း ယခုလို သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်၍ တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းနှင့်အညီ သင်တန်းကိုပြီးဆုံးအောင်တက်ရောက်ပြီး သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာဗဟုသုတများကို စံနမူနာပြအဖြစ် လက်တွေ့လိုက်နာကျင့်သုံးကြရန်နှင့် မိမိတို့ရပ်ရွာရှိ တောင်သူလယ်သမားများထံ ဆက်လက်ဖြန့်ဝေပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်တို့က တက်ရောက်လာသည့် တောင်သူများထံ စားဖိုဆောင် သီးနှံ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းတက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ တောင်သူလယ်သမားဖွံ့ဖြိုးရေးသင်တန်းအပတ်စဉ်(၂/၂၀၂၄)အား ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူ(၄၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်း၌ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အပင်သက်တမ်းအလိုက် ပြုစုစောင့်ရှောက်ခြင်း၊ ကြံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးနည်းစနစ်များ၊ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ဆောင်ရွက်ခြင်း၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ ဆိုင်ရာ သိကောင်းစရာများ၊ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးနည်းစနစ်များ၊ မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းနှင့် မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပီလောပီနံစနစ်တကျစိုက်ပျိုးရေး၊ မြေဆီလွှာအာဟာရဓာတ်ပြည့်ဝစေရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ စပါးသီးနှံတွင် ကျရောက်တတ်သော ဖျက်ပိုး/ရောဂါကာကွယ်နှိမ်နင်း နည်းလမ်းများ၊ ဝက်မွေးမြူထုတ်လုပ်ခြင်း လက်ဆွဲကောက်စိုက်စက် အသုံးပြုခြင်းနှင့် ပျိုးထောင်ခြင်း၊ ဆည်မြောင်းဥပဒေဆိုင်ရာသိကောင်းစရာနှင့် စိုက်ပျိုးရေအကျိုးရှိစွာ သုံးစွဲနည်းနှင့် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ သင်ကြားပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ခရိုင်ပြန်/ဆက်