သဲကုန်း သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အစိုးရမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၆)ကြိမ်မြောက် စာအောင်ဆုဆက်ကပ်ချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့မွန်းလွဲ ၂ နာရီက ရပ်ကွက်(၁)၊ မိုးကုတ်ရိပ်သာကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အင်းမမြို့၊ ကရင်ကုန်းကျောင်းတိုက်နာယကဆရာတော်ဝေသဝဏ္ဏထံမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များက (၈)ပါးသီလခံယူဆောက်တည်ပြီး မိုးကုတ်ရိပ်သာကျောင်းတိုက်ဆရာတော်ကဥ္စနာဒိစ္စက စာအောင်ဆုဆက်ကပ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော အခြေပြုမူလတန်းအောင်(၃၃)ပါး၊ ပထမငယ်တန်းအောင်သံဃာတော်(၁၅)ပါး၊ ပထမလတ်တန်းအောင်(၂)ပါးနှင့် ပထမကြီးတန်းအောင်(၁)ပါး စုစုပေါင်း(၅၁)ပါးတို့အား အောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ပူဇော်ဆက်ကပ်၍ နာယကဆရာတော်နှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်သာသနာရေးမှူး ဦးစောငြိမ်းသောင်းနှင့် ဧည့်ပရိတ်သတ်များက ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေးကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)