ငဖဲ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ မင်းလွင်ကျေးရွာအုပ်စု၊ ခါချဉ်ကျေးရွာ မန်းကြိုးဝိုင်းအမှတ်(၅)တွင် စိုက်ပျိုးထားရှိသည့် ကျေးရွာသုံးထင်းစိုက်ခင်း ဧက (၃၀) ထင်းစိုက်ခင်းများ အပင်ရှင်သန်ဖွံ့ဖြိုးကြီးထွားရန်အတွက် သစ်ပင်များအစားထိုးစိုက်ပျိုးခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ပေါင်းမြက်များရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် မန်းကြိုးဝိုင်း အမှတ်(၅)ကျေးရွာသုံးထင်းစိုက်ခင်း ဧက ၃၀ တွင် စိုက်ပျိုးထားသည့် ယူကလစ်နှင့် မဲဇလီပင်များအား ကြည့်ရှုစစ်ဆေးပြီး သေသည့်အပင်များအား အစားထိုးပြန်လည် စိုက်ပျိုးခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျေးရွာသုံးထင်းစိုက်ခင်းရှိ ယူကလစ်နှင့် မဲဇလီပင်များ အပင်သက်တမ်း ၅ နှစ်ကျော်ပါက ကျေးရွာနေပြည်သူများမှ ထင်း၊ တိုင်၊ သစ်နှင့် အခြားမျောတိုင်လိုအပ်ချက်များကို ခုတ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူတို့တွင် သစ်တောသစ်ပင်ကို ချစ်ခင်ထိန်းသိမ်းလိုစိတ်များဖြစ်ပေါ်ကာ သဘာဝသစ်တောများမှလည်း ခုတ်ယူသုံးစွဲမှုများလျော့နည်းလာမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးက ပြောကြားခဲ့သည်။
လူဦးရေထူထပ်ပြီး ထင်းထုတ်ယူရန် သစ်တောများနှင့် ဝေးကွာသောဒေသများတွင် သစ်၊ ထင်း ရှားပါးမှုရှိသဖြင့် ဒေသခံပြည်သူလူထုအတွက် ထင်းနှင့် လယ်ယာလုပ်ငန်းသုံးပစ္စည်းများထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာများနှင့် နီးစပ်သော ပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းနှင့် တောပျက်ဧရိယာများတွင် ဒေသနှင့်သင့်လျော်သည့် သစ်မျိုးများဖြင့် တည်ထောင်သည့် စိုက်ခင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)