ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၂၀

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “မိမိတို့နိုင်ငံတွင် မကြာခင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူတော့မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျလည်း များလွန်းပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း စာရင်းစစ်၊ စာရင်းကောက်များခန့်ထားခြင်း၊ သန်းခေါင်စာရင်းသင်တန်းအဆင့်ဆင့် အချိန်ကိုက်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေကြပြီဖြစ်သကဲ့သို့ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားအရာရှိများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tabletနှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူမည့် အထောက်အကူပြုပစ္စည်းများ ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မှစ၍ ၁၀ ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ခရိုင်အဆင့်နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကိုလည်း သတ်မှတ်ချိန်အတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)