ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးတိုင်း(အနောက်)ရှိ မြို့နယ်များအတွက် မျိုးစေ့ချကိရိယာ (Drum Seeders) များ ထောက်ပံ့ပေးအပ်

ပြည် ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးတိုင်း(အနောက်)ရှိ မြို့နယ် (၁၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeders)များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စားရေရိက္ခာဖူလုံရေးသည် လယ်ယာကဏ္ဍနှင့်တိုက်ရိုက်ပတ်သက်လျက်ရှိရာ လယ်ယာကဏ္ဍထုတ်လုပ်မှု တိုးတက်လာမှသာ ဒေသတွင်းစားရေရိက္ခာဖူလုံရုံသာမက ပိုလျှံလာနိုင်မည်ဖြစ်ပြီး ဒေသတွင်းကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကိုလည်း လျော့ချပေးနိုင်မှာဖြစ်ကြောင်း၊ နွေစပါးသည် ပန်းအတိုင်အထွက်နှုန်း ရရှိထားပြီးဖြစ်၍ မိုးစပါးကိုအခြေခံ၍ ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေး လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)များ ဝယ်ယူဖြန့်ဖြူးထောက်ပံ့ပေးခြင်းအပြင် ဒေသအတွင်းမှလည်း စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖြန့်ဖြူးပေးသည့် မျိုးစေ့ချကိရိယာ(Drum Seeder)များ သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲအကြီးစားစက်ရုံမှ ပြည်တွင်းဖြစ်ထုတ်လုပ်သည့် ကိရိယာဖြစ်ကာ တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်းဖြင့် ကြဲခင်းစနစ်ပပျောက်ပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရည်မှန်းချက် အောင်မြင်မှာဖြစ်ကြောင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအားဖြင့် လုပ်သားရှားပါးမှုနှင့် စိုက်ပျိုးကုန်ကျစရိတ်သက်သာသည့်အပြင် တစ်ရက်လျှင် ပျှမ်းမျှ (၆)ဧကမှ (၈)ဧကအထိ စိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ပိုလျှံစွာထုတ်လုပ်နိုင်ရေး ဆက်စပ်ဌာနများ၊ လုပ်ငန်းရှင်များနှင့် တောင်သူအစုအဖွဲ့များအားလုံး လက်တွဲညီညီဖြင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၂၁၄)ခု၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၁၄၃)ခု၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်အတွက် မျိုးစေ့ချကိရိယာ( Drum Seeder) (၁၄၃)ခု၊ စုစုပေါင်း မျိုးစေ့ချကိရိယာ (Drum Seeder) (၅၀၀)ခုကို သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်အလိုက် လွှဲပြောင်းပေးအပ်မည့် မျိုးစေ့ချကိရိယာ (Drum Seeder)များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြဲခင်းစနစ်ပပျောက်ရေးနှင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဇွန်လ(၈)ရက်နေ့နှင့် ဇူလိုင်လ(၉)ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈)မြို့နယ်အတွက် လက်ဆွဲကောက်စိုက်စက်အစီးရေ (၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ မျိုးစေ့ချကိရိယာ (Drum Seeder) အခုရေ (၁၀၀၀) အား ထပ်မံထောက်ပံ့ ပေးအပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)