ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံဧက ၈၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၇၃၁၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၈၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံ ဧက ၇၃၁၃ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၈၅၀၁ ဧက စိုက်ပျိုးပြီးစီပြီဖြစ်ပါတယ်။ မိုးသီးနှံမှာစိုက်ပျိုးတဲ့ ပဲသီးနှံအမျိုးအစားတွေကတော့ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့အခြားပဲသီးနှံတို့ဖြစ်ပါတယ်။ သီးနှံအလိုက် သတ်မှတ်လျာထားဧကတွေ ပြည့်မီဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ တောင်သူတွေကိုလည်း ပဲမျိုးစုံစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းတွေတိုးတက်အောင် ဆောင်ရွက်ကြဖို့၊ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေသုံးစွဲကြဖို့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း ၂၅၆၃ ဧက၊ ပဲစင်းငုံ ၅၉၁၄ ဧက၊ အခြားပဲ ၂၄ ဧက၊ စုစုပေါင်း ၈၅၀၁ ဧကဖြစ်ကြောင်း သိရကာ တောင်သူများ သီးနှံအထွက်နှုန်းများ တိုးပွားရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ စနစ်တကျသုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူ‌မြေ)