သံတောင်ကြီးမြို့နယ်တွင်  ကွမ်းသီးပျိုးပင်များ စတင်စိုက်ပျိုး

သံတောင်ကြီး ဩဂုတ် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလချိန် ကွမ်းသီးများကို စတင်ပျိုးထားပြီး ၆လခန့်အကြာတွင်  ကွမ်းပင်ငယ်များဖြစ်လာကာ တစ်နှစ်ကွမ်းသီးပျိုးပင်များကို မိုးရေများသော ဩဂုတ်လအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

(၃)နှစ်သားကွမ်းသီးပျိုးပင်များကို ဇွန်လတွင်လည်းကောင်း၊ (၂)နှစ်သားကွမ်းသီးပျိုးပင်များကို ဇူလိုင်လတွင်လည်းကောင်း၊ (၁)နှစ်ကွမ်းသီးပျိုးပင်များကိုဩဂုတ်လတွင်လည်းကောင်း စိုက်ပျိုးပြီး ကွမ်းသီးပျိုးပင်ငယ်များ အောင်မြင်ဖြစ်ထွန်းလာစေရန်အတွက် စိုက်ပျိုးပြီး ကွမ်းပင်ငယ်များကို (၃)လတစ်ကြိမ်ပေါင်းရှင်းပေးခြင်း၊ အလင်းရောင်ရရှိစေရန် ဘေးပတ်ဝန်းကျင်ရှိ  မြက်ပင်၊  ချုံနွယ်များကို  ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို (၃) နှစ်အတွင်း ပြုလုပ်ပေးရသည်။ ကွမ်းပင်ငယ်များ(၃)နှစ်နှင့်အထက် ရှိလာပါက အောင်မြင်ဖြစ်ထွန်းသည့်အပင်များဖြစ်လာပြီး (၆)နှစ်မှ(၇)နှစ်ခန့်တွင် စတင်အသီးသီးကြောင်း ကြောင်းကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးစောအောင်ထူးထံက သိရသည်။

နော်နော်မူ