ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ကျွန်းလှ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ဟင်းဟင်းရွက်မျိုးစုံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ဒေသမှာက စပါးအပြင် ဟင်းသီးဟင်းရွက်မျိုးစုံကို နွေ၊မိုး၊ ဆောင်း၊ ချောင်းရေနဲ့ မြေအောက်ရေတင် စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ ငရုတ်၊ ရုံးပတီ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ‌ဖူးစားပြောင်း၊ သခွား၊ ရွှေဖရုံ သီးနှံများစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြပါတယ်။ ဆောင်းရာသီစိုက်ပျိုးဖို့ ဟင်းသီးဟင်းရွက် ပျိုးပင်များ ပျိုးထောင်ထားလျက်ရှိပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက GAP နည်းစနစ်ဖြင့်စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့်သီးနှံများထွက်ရှိရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်းဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံစိုက်ပျိုးရန် ၁၄၉၉၅ ဧက လျာထားပြီး လက်ရှိအချိန်ထိ ၁၅၀၁၂ ဧက (၁၀၀ ဒသမ ၁၁) ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)