လှိုင်းဘွဲ ဩဂုတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ဒုတိယဥက္ကဋ္ဌ အဖိုးဗိုလ်ချုပ်စောဖားနွီးဖလား၊ DKBA ၊ BGF နှစ်(၃၀)ပြည်နေ့နှင့် (၂၇)ကြိမ်မြောက် ကရင်ရိုရာချည်ဖြူဖွဲ့နေ့ မင်္ဂလာအထိမ်းအမှတ် ကျေးရွာအုပ်စုအလိုက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၄)နာရီအချိန်က ကွမ်ဘီကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်းက ဘောလုံးပြိုင်ပွဲဖြင့် ဒေသအတွင်း ကျေးရွာလူငယ်များ ရင်းနှီးမှု ရှိလာပြီး စည်လုံးညီညွတ်မှု ရှိလာစေရန်၊ ကျေးရွာအုပ်စုအလိုက် လူငယ်များ၏ဘောလုံးပညာဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုရှိလာစေရန်၊ လူငယ်များအနေဖြင့် ဘောလုံးပညာကို ကျေးရွာမှတစ်ဆင့် မြို့နယ်၊ ပြည်နယ်၊ တိုင်ဒေသကြီး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားကြရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်တာဝန်ရှိသူများက (၂၇)ကြိမ်မြောက် ကရင်ရိုရာချည်ဖြူဖွဲ့နေ့ မင်္ဂလာအထိမ်းအမှတ် ကျေးရွာအုပ်စုအလိုက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဒုတိယဥက္ကဋ္ဌ အဖိုးဗိုလ်ချုပ်စောဖားနွီးဖလား၊ DKBA ၊ BGF နှစ်(၃၀)ပြည်နေ့နှင့်(၂၇)ကြိမ်မြောက် ကရင်ရိုရာချည်ဖြူဖွဲ့နေ့ မင်္ဂလာအထိမ်းအမှတ် ကျေးရွာအုပ်စုအလိုက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘောလုံးအသင်း(၁၉)သင်းဖြင့် ဩဂုတ်လ(၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)