စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညိှနှိုင်းဆွေးနွေးပွဲ တက်ရောက်

မုံရွာ သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်အတွင်းရှိ မြတ်ဇေယျာခန်းမတွင်ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ယင်းနောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ခရိုင်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေး နှင့်မွေးမြူရေးကြီးကြပ်မှုအဖွဲ့ဝင်များက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သား ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမဝါယမနှင့်စီမံခန့် ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) သို့ရောက်ရှိရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှုးများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်ကစီမံရေး၊ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သုံးထပ်ပင်မအဆောက်အဦရှေ့ ကတ္တရာခင်း ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံပွဲသို့တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်းရှိ သုံးထပ်ပင်မအဆောက်အဦရှေ့ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)