ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်း ဖွင့်လှစ်

ထားဝယ် ဩဂုတ် ၂၀

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန် ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၌ ဩဂုတ် ၁၉ ရက်နေ့မှ ဩဂုတ် ၃၀ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးနှင့်တာဝန်ရှိသူများက သင်တန်းသား/သူ(၃၆)ဦးအား သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာများနှင့်သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ ဆင်ပွားသင်တန်းများဖြင့် ပို့ချမည့်အစီအစဉ် ထိရောက်သောလေ့လာသင်ကြားရေးနည်းလမ်းများ၊ လမ်းညွှန်ချက်နှင့်မှတ်သားထားရမည့်အချက်များ၊ လုပ်ငန်းစဉ်များ၊ စာရင်းစစ်၊ စာရင်းကောက်များ၏အခန်းကဏ္ဍများနှင့်တာဝန်များ၊ CAPI စနစ် လက်တွေ့သင်ခန်းစာများ၊ လူဦးရေဆိုင်ရာအချက်အလက်များ၊  ပြည်တွင်းပြည်ပရွှေ့ပြောင်းသွားလာခြင်းမေးခွန်းများ၊  ပညာရေးအကြောင်းအရာများ၊ လုပ်သားအင်အားနှင့်မသန်စွမ်းမှုအကြောင်းအရာ၊ သေဆုံသူများမေးခွန်း၊ အဖွဲ့အစည်းအားစာရင်းကောက်ခြင်း၊ CAPI နည်းပညာဖြင့်အချက်အလက်ပေးပို့ခြင်း၊ သိမ်းဆည်းခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းမှရရှိသောညွှန်းကိန်းများ စသည့်အကြောင်းအရာများကို သင်ကြားပို့ချဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)