ဒေးဒရဲ သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်က ဆက်ကပ်လှူဒါန်းခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူခဲ့သော ဆရာတော်များအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားအား ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ ဝန်ဆောင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာသည့် ဆရာတော်များနှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခြင်းနှင့် ဖျာပုံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သလိပ်ကြီးကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝါသဝထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဂုဏ်ပြုပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိခဲ့သည့် တော်ကမယ်ကျေးရွာ ပုပ္ပါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိခဲ့သည့် မှော်အိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒသီရိနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိခဲ့သည့် တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာစာရ ဆရာတော်ကြီး (၃)ပါး၏ ထေရုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား တက်ရောက်လာသူများက ရှိခိုးဦးချကန်တော့ခြင်းနှင့် ဂုဏ်ပြုတေးထပ်၊ ရတုပိုဒ်စုံများဖြင့် သီဆိုပူဇော်ခဲ့ပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်အရှင်မြတ်တို့အား လှူဘွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မှော်အိုင်ကျောင်းတိုက်ဆရာတော်က ဝမ်းမြောက်ဖွယ်ရာ မိန့်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ရှစ်မိုင်ကန် ဦးဇေတဝန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမီဘိဝံသက ရေစက်ချ အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)