နတ်မောက် ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြန်မာစာ အရေး၊ အဖတ် မှန်ကန်စေရေး အခြေခံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)က မြန်မာစာ၊ မြန်မာဘာသာစကားကို လေ့လာသင်ယူရာတွင်ဖြစ်စေ၊ လက်တွေ့အသုံးချရာတွင်ဖြစ်စေ ကြုံတွေ့ရသည့် အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်းတတ်စေရန်၊ စဉ်းစားတွေးခေါ် ဖန်တီးတတ်စေရန်၊ မြန်မာစာကိုချစ်မြတ်နိုးပြီး ထိန်းသိမ်းကြစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ နည်းပြဆရာ စာရေးဆရာမောင်နန္ဒ(မြစ်ကြီးနား)က သင်တန်းပို့ချရာ ကျောင်းသား/သူများအား မြန်မာစာရွတ်ဆိုရာတွင် အသံထွက်မှန်ကန်စွာ ရွတ်ဆိုနိုင်ရေး၊ သုံးသံတွဲဗျည်းမှ ပထမဗျည်းသံနှင့် ဒုတိယဗျည်းသံတို့သည် တတိယဗျည်းသံ သံပြင်းသို့ ပြောင်းသွားကြောင်း၊ နာမဝိသေသနနှင့် နာမ်ကိုနီးကပ်စွာထားခြင်း၊ ကြိယာဝိသေသနနှင့် ကြိယာကို နီးကပ်စွာခြင်းခြင်း၊ ကတ္တားပုဒ်ကို သက်ဆိုင်ရာကြိယာနှင့် နီးကပ်စွာထားခြင်းသည် ပုဒ်အထားအသို မှန်ကန်ပြီး စနစ်တကျဖြစ်စေကြောင်းတို့အား ကျောင်းသား/သူများ ပိုမိုနားလည်စေရန်အတွက် အတိုကောက် မှတ်သားနိုင်ရန် ကဗျာများဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပန်းပျိုးသူ ဘော်ဒါမှ အုပ်ထိန်းသူ ဆရာ/မနှင့် ကျောင်းသား/သူ (၆၅) ဦးတက်ရောက် သင်ကြားခဲ့သည်။
လှဝင်း