ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ် ဩဂုတ် ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေးအသိရှိစေရန်၊ ကျန်းမာကြံခိုင်သန်စွမ်းသောလူငယ်လေးများဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီ အချိန်က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အကြောင်းအရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများ၊ အစာအာဟာရ(၃)အုပ်စု သိကောင်းစရာများကို အသိပညာပေးဟောပြောပြီးနောက် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိရောဂါစမ်းသပ်ပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျောင်းသား/သူများ ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)