လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

လိပ်သို ဩဂုတ် ၂၀   

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော ကလေးအလုပ်သမားပြဿနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့်အကြောင်းအရင်းများ၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများ အကြောင်းကို ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားသောကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာမတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအခြေအနေများ စသည့် အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)