နတ်မောက် ဩဂုတ် ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိနိုင်စေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျောက်တန်းကျေးရွာအုပ်စု၊ စိုင်ကောင်းကျေးရွာ၌ ပဉ္စမအကြိမ်မြောက် ရန်ပုံငွေပြန်လည် ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းစီမံခန့်ခွဲမှု ကော်မတီဝင်များထံ ရန်ပုံငွေလွှဲပြောင်း ပေးအပ်သည်။ ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စီမံခန့်ခွဲမှု ကော်မတီဝင်များက စိုင်ကောင်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၁၁) ဦး ငွေကျပ် (၂၀) ဒဿမ ၀၀ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၉၅) ဦး ငွေကျပ် (၁၅) ဒဿမ (၈) သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၁) ဦး ငွေကျပ် ၀ ဒဿမ (၂) သန်း၊ စုစုပေါင်း အသင်းသား/အသင်းသူ (၂၀၇) ဦးကို ပဉ္စမအကြိမ်မြောက်အဖြစ် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကျပ် (၃၆) ဒဿမ ၀၀ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)အား ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း (၁၀) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
မူမူစန်း