ပွင့်ဖြူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေကျပ် (၁၅)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၄ ဒသမ ၂ သန်း၊ စုစုပေါင်းငွေကျပ် ၁၉ ဒသမ ၂ သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၆၄၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၅ ရက်နေ့ကစပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ (၆၈)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီစေရေးအတွက် လိုအပ်သည့်နည်းပညာများကို ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် မင်းတဲကုန်းကျေးရွာအပါအဝင် ကျေးရွာ(၁၂)ရွာတွင် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း(၇)ခုနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၅)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)