ရေတာရှည်မြို့နယ်၌ တောင်ကျရေစီးဆင်းမှုကြောင့် လမ်းတာဘောင်ပြိုကျမှုဖြစ်ပွား

ရေတာရှည် ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ယမန်နေ့ညပိုင်းက ရေတာရှည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေများ အလုံးအရင်းဖြင့် စီးဆင်းလာမှုကြောင့် သာဂရ-ကိုးပင်လမ်းမိုင်တိုင်အမှတ် (၉/၅) နှင့် (၉/၆)အကြား ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၉)မိုင်ကျေးရွာအနီးရှိ သိုင်းချောင်းမှ ရေများတိုက်စား၍ သာဂရ-ကိုးပင်လမ်းတာဘောင်(ကမ်းပါး)ဝဲဘက်ခြမ်း အလျား (၄၀၀)ပေ၊ အနံ (၈)ပေ၊ အမြင့် (၃၀)ပေခန့် (၁)နေရာ တာဘောင်ပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး ကတ္တရာလမ်းသားအနီး လမ်းဘေး(၁)ပေခန့်သာကျန်ရှိကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

အဆိုပါလမ်းတာဘောင်ပြိုကျမှုကြောင့် ယာဉ်သွား၊ ယာဉ်လာပြတ်တောက်မှုမရှိကြောင်းနှင့် ရေလမ်းကြောင်းလွှဲခြင်း၊ လမ်းတာဘောင်ပြိုကျခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး ကတ္တရာပီပါခွံများ မျောတိုင်များဖြင့် တုတ်ရိုက်ခြင်းများကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

မြို့နယ် ပြန်/ဆက်