ကန့်ဘလူမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုး ဧက ၃၅၆၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်

ကန့်ဘလူ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် အဓိကသီးနှံ(၁၀)မျိုးကို မျှော်မှန်းချက် ပြည့်မီအောင် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် အဓိကသီးနှံ(၁၀)မျိုးကို ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဧက ၅၆၁၀၉၂ လျာ ထားစိုက်ပျိုးခဲ့ရာတွင် လက်ရှိအချိန်ထိ ၃၅၆၇၀၄ ဧက စိုက်ပျိုးပြီးစီးနေပြီး သီးနှံစိုက်စွမ်း အားမြင့်မားရေးအတွက် သီးထပ်၊ သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အား ထားမြှင့်တင်ပြီး ဒေသတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးနေသော အဓိကသီးနှံ(၁၀)မျိုးဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါ၊ ကြံနှင့်အစေ့ထုတ်ပြောင်းတို့အပြင် နှစ်ရှည်သီးနှံ၊ ဥယျာဥ်ခြံ သီးနှံများ စုံလင်စွာစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် အဓိကသီးနှံ ( ၁၀) မျိုးအနက် စပါး ၁၀၇၁၀ ဧက၊ မြေပဲ ၅၁၅၉၉ ဧက၊ နေကြာ ၂၆၀ ဧက၊ ပဲတီစိမ်း ၈၈၇၁၅ ဧက၊ ပဲစင်းငုံ ၁၁၅၆၆၀ ဧက၊ ကြံ ၈၂၉ ဧကနှင့်အစေ့ထုတ်ပြောင်း ၈၈၉၃၁ ဧက စိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးခြင်းနှင့်အပင်ပြုစုခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်နေမှုအပေါ် တောင်သူများနှင့်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများ၊ ခရိုင်၊ မြို့နယ်အဆင့် အကောင်အထည်ဖော်ရေးအဖွဲ့များနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများသည် ရာသီအလိုက်သီးနှံစုံ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး တောင်သူများအနေဖြင့် သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်း မျိုးကောင်း မျိုးသန့်မျိုးစေ့ပွားများစေရေး နည်းပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သီးနှံစုံ အထွက်နှုန်း တိုးတက်ရရှိရေးနည်းပညာများ၊ EM ဖျော်ရည်၏အကျိုးကျေးဇူး၊ အသုံးပြုပုံ၊ တောင်သူကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်သည့် သဘာဝပိုးသတ်ဆေး၊ အပင်အားဆေး ပြုလုပ်နည်း များကို သင်တန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။

ထို့ပြင် ဒေသခံတောင်သူများ ရာသီအလိုက်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဘက်စံသီးနှံကာကွယ်ရေးစနစ်ကိုလည်း ခရိုင်/မြို့နယ်စိုက် ပျိုးဦးစီးဌာနမှ သင်တန်းများ၊ဆွေးနွေးပွဲများပြုလုပ်ပေးလျက်ရှိသည်။

ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဆိုသည်မှာ ဖျက်ပိုးအရေအတွက်ကို စီးပွားရေးအရထိ ခိုက်ပျက်စီးစေသော အဆင့်အောက်သို့ လျှော့ချရန် ဓာတုပိုးသတ်ဆေးတစ်မျိုးတည်းကို အသုံးပြုခြင်းမဟုတ်ဘဲ နေရာဒေသကိုလိုက်၍ ရနိုင်သမျှနည်းလမ်းများကို တွဲဖက်ကျင့်သုံး သော ကာကွယ်နှိမ်နင်းနည်းစနစ်ဖြစ်သည်။ ဘက်စုံသီးနှံကာကွယ်ရေးစန်ကို ဆောင်ရွက်ရန် ဖျက်ပိုး၏ ဂေဟဗေဒ(အပင်နှင့်ဖျက်ပိုး၏ဆက်နွယ်နေမှု၊ ဖျက်ပိုးနှင့် သဘာဝပတ်ဝန်းကျင်၏ဆက်နွယ် နေမှု)တို့ကို ကောင်းစွာနားလည်ရန် လိုအပ်သည်။

ဘက်စုံသီးနှံကာကွယ်ရေးစနစ် ကျင့်သုံးရသည့်အကြောင်းအရင်းများတွင် ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုသူများ အဆိပ်သင့်ခြင်း၊ စားသုံးသူများတွင် ကျန်းမာရေးထိခိုက်မှုများ ဖြစ်လာ ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်ခြင်း၊ ဖျက်ပိုးများ ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာခြင်း၊ အကျိုးပြုမိတ်ဆွေပိုများသေစေခြင်း၊ စီးပွားရေးအရ ငွေကြေးကုန်ကျမှုများပြားလာခြင်း တို့ကြောင့် ဖြစ်သည်။

ဘက်စုံသီးနှံကာကွယ်ရေးစနစ် (၃)မျိုးရှိသည်။ ယင်းတို့မှာ ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်းနှင့်ကာကွယ်နှိမ်နင်းခြင်းတို့ဖြစ်သည်။ ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများမှာ စိုက်ပျိုးရေးစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ရူပနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ဇီဝနည်းဖြင့် ကာကွယ် နှိမ်နင်းခြင်း၊ မျိုးရိုးဗီဇနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ဓာတုနည်းဖြင့် ကာကွယ် နှိမ်နင်းခြင်းဖြစ်သည်။

စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်းဆိုသည်မှာ မြေပြင်ခြင်း၊ စိုက်စနစ်ပြောင်းလဲခြင်း ( တန်းစိုက်၊ ပင်ကြား၊ တန်းကြား၊ တန်းကြားခွဲခြင်း)၊ သီးနှံပုံစံပြောင်းလဲစနုက်ပျိုးခြင်း၊ သီးညှပ် စိုက်ပျိုးခြင်း၊ စိုက်ချိန်ပြောင်းလဲ စိုက်ပျိုးခြင်း (စောစိုက်၊ နောက်ကျစိုက်)နှင့် ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိ သော မျိုးများရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်သည်။

ရူပနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းမှာ သီးနှံမျိုးစေ့များမစိုက်ခင် နေလှန်းခြင်း၊ ဆားရေ စိမ်ခြင်း (သို့မဟုတ်) ရေနွေးသိမ်ခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် မျိုးစေ့ဆောင်ရောဂါများ ဖယ်ရှား၊ လျော့ နည်းစေသည့်အပြင် ကျန်းမာသန်စွမ်းသော အပင်များလည်းရရှိစေသည်။

ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ ပေါင်းမြက်နှင့်ရိုးပြတ်များ မီးရှို့ဖျက်စီးခြင်း၊ လက်ဖြင့် ကောက်ယူ ဖယ်ရှားဖျက်စီးခြင်း၊ ငှက်နားတန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပါ။ မီးထောင်ချောက်များ ထွန်းပေးခြင်းဖြင့် စိုက်ခင်းရှိဖျက်ပိုးများကို သိရှိနိုင်သည့်အပြင် ယင်းဖျက်ပိုးများကို သုတ်သင်ဖယ် ရှားနိုင်သည်။မီးထောင်ချောက်ကို ညနေ(၆-၈)နာရီအတွင်းသာ ထွန်းပေးရန်လိုအပ်ပြီး သီးနှံပင်အ ထက်ထားရှိရန် လိုအပ်သည်။ (၁၀)မီတာ ပတ်ဝန်းကျင်ကို တစ်ခုနှုန်းပြုလုပ်သင့်သည်။

ရေမြေ၊ တောတောင်၊ ရာသီဥတု(နေပူ၊ မိုးရွာ၊ မိုးအုံ့)တို့က သဘာဝအလျှောက် ကာကွယ်ပေးခြင်း ဖြစ်ပါသည်။ ထို့ပြင် သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်ပြီး ကုန်ကျစရိတ်သက်သာသည့်အပြင် မိတ်ဆွေပိုးများကိုလည်း ထိခိုက် စေခြင်းမရှိပါ။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေနိုင်ကြောင်း သိရသည်။

ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းဆိုသည် သီးနှံဖျက်ပိုးများကို စားသောက်ဖျက်စီးသော သဘာဝ မိတ်ဆွေပိုးများလည်းရှိကြသည်။ မိတ်ဆွေပိုးများ၏ နေထိုင်စားသောက်ပုံပေါ်မူတည်၍ အမျိုး အစား(၃)မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ သားရဲကောင်၊ ကပ်ပါးကောင်နှင့် ရောဂါဖြစ်စေသော သက်ရှိများဖြစ်သည်။

မိတ်ဆွေပိုးဖြစ်သောနဂျီများ စိုက်ခင်းအတွင်းသို့ လွှတ်ပေးခြင်းဖြင့် ဖျက်ပိုးများအား ကပ်ပါးပြု ဖျက်စီးစေသည်။ ဥကပ်ပါးနဂျီလွှတ်ပေးထားသော စိုက်ခင်းများကို ဓာတုပိုးသတ်ဆေး(၂-၃) ပတ်အထိ လုံးဝဆေးမဖျန်းသင့်ဘဲ ရှောင်ကျဥ်ရမည်။ အကျိုးပြုထရိုင်ကိုဒါးမားမှိုများ မွေးမြူပြီး ရောဂါ ဖြစ်စေနိုင်သောမှိုများကို တိုက်ခိုက်စေခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။

မျိုးရိုးဗီဇနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ခံနိုင်ရည်ရှိသောမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း ဖြစ်သည်။ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ဖျက်ပိုးများ စီးပွားရေးအရ ထိခိုက်စေသော အဆင့်ထက်ကျော်လွန်ပါက ကျရောက်သောဖျက်ပိုးနှင့်ကိုက်ညီမှုရှိသည့် ဓာတုဆေးကိုအသုံးပြု ရန်၊ အသုံးပြုရာတွင် သင့်တော်မှန်ကန်သော ဆေးနှုန်းထားပမာဏ၊ ဆေးဖျန်းနည်းစနစ်တို့ဖြင့် ပက်ဖျန်း ရန်၊ ဓာတုဆေးဓာတ်ကြွင်းပါဝင်မှုမရှိစေရန် မရိတ်သိမ်းမီ(သို့မဟုတ်) မခူးစွတ်မီ စောင့်ဆိုင်းရမည့် ကာလအား တိကျစွာလိုက်နာဆောင်ရွက်ရန်တို့ဖြစ်သည်။

ဘက်စုံသီးနှံကာကွယ်နှိမ်နင်းနည်းစနစ်များကို အသုံးပြုဆောင်ရွက်လျှင် ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ခြင်း၊ ဓာတုဆေးအသုံးပြုမှု လျှော့ချနိုင်ခြင်း၊ အကျိုးပြုမိတ်ဆွေပိုး အရေအတွက်များလာခြင်း၊ ပိုးမွှားရောဂါကျရောက်မှုကို စနစ်တကျထိန်းချုပ်နိုင်ခြင်း၊ ငွေကြေး ကုန်ကျမှုသက်သာခြင်း၊ သီးနှံအထွက်တိုးခြင်းတို့ကို ရရှိစေမည်ဖြစ်ကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ရှိသူနစ်ဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)