ကျိုက်လတ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ကျိုက်လတ် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက် (၅) နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေး နှင့် အာဟာရဖွံ့ဖြိုးရေးအတွက် "ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်" အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျိုက်လတ်မြို့နယ် ရုံးဒေါင့်တိုက်နယ် ဆရာဝန် ဒေါက်တာ သက်ဦးဟန်က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလ အတွင်း ဆောင်ရန်၊ ရှောင်ရန်များ၊ မွေးကင်းစမှ အသက်၂ နှစ်အထိ ကလေးများအား ကာကွယ်ဆေး ထိုးနှံရန်လိုအပ်ကြောင်းနှင့် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးမှုအကြောင်းများ အပါအဝင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူးဒေါက်တာသန့်ဇော်မောင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့် အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့်ကလေးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ပြီး တာဝန်ရှိသူများက မွေးပြီးမိခင်များ၊ အသက် (၆) လမှ (၁၁) လအထိ ကလေးများ၊ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေဆေး သတ်မှတ်နှုန်းထားများကို တိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးပြီးမိခင်များ စုစုပေါင်း (၃၆) ဦးတို့အတွက် အိုင်အိုဒင်းဆားနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက် လာသူများနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများကိုလည်း အာဟာရအဖြစ် ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ ကြောင်းသိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)