ပြည်မြို့၌ ကျင်းပသည့် (၁၁)အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို

ပြည် ဩဂုတ် ၁၉

ပြည်မြို့ ဝင်္ဂဘာတောရစာသင်တိုက်၌ ယမန်နေ့မွန်းလွဲပိုင်းကကျင်းပသည့် (၁၁)အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ကုသိုလ်ကောင်းမှုများပြုလုပ်သည်။

ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်တိုက်ကြပ်နာယက “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ” ဘဒ္ဒန္တသုမင်္ဂလ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စူဠဘွဲ့နှင်းသဘင်အခမ်းအနားအတွက် လှူဒါန်းငွေကျပ်(၈၅)သိန်းအပါအဝင် စုစုပေါင်းအလှူတော်ငွေကျပ်သိန်း(၂၁၀)ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပန်းတောင်းမြို့တပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဘဏ္ဍာငွေရှာဖွေရေးနှင့် အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ အသီးသီးပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များနှင့် သီလရှင်များထံ အဆောင်အယောင်နှင့် ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုဆက်ကပ်ပူဇော်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက  ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

၎င်းနောက် စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက်ရေးအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ပြည်မြို့ ဝင်္ဂဘာတောရစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက “မဟာသဒ္ဓမ္မဇောတိကဓဇ” ဒေါက်တာဘဒ္ဒန္တသြဘာသ ဆရာတော်အရှင်သူမြတ်က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားချီးမြှင့်တော်မူပြီး ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့သည်။

ယနေ့ကျင်းပသည့်အခမ်းအနားတွင် ပြည်မြို့နယ်မှ ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲအပါအဝင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဓမ္မာစရိယတန်းအောင် ရဟန်း/ သာမဏေ (၄၃)ပါး၊ သီလရှင် (၃)ပါး၊ ပထမကြီးတန်းအောင် ရဟန်း/ သာမဏေ (၂၄)ပါး၊ သီလရှင်(၇)ပါး၊ ပထမလတ်တန်းအောင် ရဟန်း/ သာမဏေ (၁၉)ပါး၊ သီလရှင်(၁)ပါး၊ ပထမငယ်တန်းအောင် ရဟန်း/ သာမဏေ (၁၁၃)ပါး၊ သီလရှင်(၂၄)ပါး၊ အခြေပြုမူလတန်းအောင် ရဟန်း/ သာမဏေ (၁၂၅)ပါး၊ သီလရှင်(၉)ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအောင် လူပုဂ္ဂိုလ် (၆၄)ဦးတို့အား လှူဖွယ်များနှင့် ဘွဲ့တံဆိပ်အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်း/ပေးအပ်ခြင်းဖြစ်ကြောင်း  စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက်ရေး‌ကော်မတီထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)