တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဩဂုတ်  ၁၉

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန်ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌  ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျလည်း များလွန်းကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမှာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်သူအားလုံး တာဝန်ကြီးမားကြောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် နည်းပြတာဝန်ထမ်းဆောင်ကြရမှာဖြစ်သောကြောင့် အရည်အချင်းပြည့်ဝသည့် စာရင်းစစ်၊ စာရင်းကောက်များ မွေးထုတ်နိုင်ရန် သင်တန်းသားများ၏ အခန်းကဏ္ဍနှင့်ကြိုးစားအားထုတ်မှုတို့က အရေးကြီးကြောင်း၊ သင်တန်းတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်သလို အပြန်အလှန်ဆွေးနွေးခြင်း ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမှာဖြစ်ကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာလေ့လာမှတ်သားပြီး မိမိတို့က နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိရောက်စွာ ပြန်လည်အသုံးချလေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် (၁)လကျော်သာ ကျန်ရှိသောကြောင့် ယခုကတည်းကအစစအရာရာ အသေးစိတ်ကြိုတင်ပြင်ဆင်ထားရှိမှသာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကောက်ယူမည့်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ချောမွေ့စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့အင်အားဖြင့်သာဆောင်ရွက်ရမှာဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လက်ရှိကာလတွင်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို မိမိတို့အားလုံး၏စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် စွမ်းဆောင်နိုင်မှုမှတ်တိုင်အဖြစ် ပြသနိုင်မှာဖြစ်သည့်အတွက် အဆင့်ဆင့်သော သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံး အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအထောက်အကူပြု ကုန်ကျစရိတ်ငွေကျပ်(၁၁၄)သိန်း ပေးအပ်ရာ ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက လက်ခံရယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းအထောက်အကူပြုပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)