ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့‌ ကြောင်းသိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ မြောင်းဆုံကျေးရွာအုပ်စု၌ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ကျေးရွာ ကောက်စိုက်သမအဖွဲ့များဖြင့် သက်တမ်းတူ မျိုးတူ စပါးမျိုး ပြန်လည်အစားထိုးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအား ရွှေခရုနှိမ်နင်းခြင်းအသိပညာပေးကာ တစ်ဧကဝင်ဆံ့ရမည့် ကောက်ကွက်ပြည့်မီစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်မြို့နယ်၊ ဝန်တင်ဆိပ်ကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တစ်ကွင်းတစ်ဆက်တည်း (၂၁၄)ဧကရှိ (ဝါအထူးဇုန်)၌ ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ပိဿာ(၇၀၀)ကျော် ထွက်ရှိသည့် ဝါစိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သီးထပ်စွမ်းအား ထပ်မံတိုးတက်ရရှိစေရေး ဆောင်ရွက်ရမည့်နည်းလမ်းများကို ဖော်ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ပျဉ်းမအိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းထွန်း၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကြံလမိုင်းခင်း ပန်းတိုင်အထွက်နှုန်း တန်(၃၀)ကျော် ထွက်ရှိမည့် (စံပြ)ကြံစိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကြံခုတ်နည်းစနစ်ပြောင်းလဲခြင်းနှင့်အတူ ကြံသီးနှံ လမိုင်း၊ လမတ်များ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခြင်းအား ကြံစိုက်တောင်သူများအား ခေါ်ယူပြသ အသိပညာပေးခြင်းများဆောင်ရွက်ရန်နှင့် မိုးတွင်းကာလဖြစ်၍ ဘောင်ကြီးလုံးခြင်းအား မဖြစ်မနေဆောင်ရွက်ရန်၊ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဝက်ထီးကန် ရေကန်နှင့် ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)