ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ကျွန်းလှ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၉၅) တောင်သူ ဦးကျော်တင်၏ လယ်မြေ(၇)၌ ယနေ့နံနက် ၇ နာရီက မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

 “ဒီနှစ်တောင်သူတွေ ဧရာမင်း စပါးမျိုးကို မျိုးစေ့ထုတ်ကွက်အဖြစ် စိုက်ပျိုးလာကြပါတယ်။ စိုက်ပျိုးရာမှာ သိပ္ပံနည်းကျစိုက်နည်းဖြစ်တဲ့ ခြောက်တန်းတစ်တန်းစနစ်နဲ့ စိုက်ပျိုးကြပါတယ်။ ဒေသနဲ့ ကိုက်ညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်တွေ ထွက်ရှိခြင်းဖြင့် ဝင်ငွေ တိုးတက်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူး နှင့်ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၇ ဧက လျာထားပြီး ယနေ့ထိ ၂၉၅၇၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စံပြကွက် ဧက ၁၃၀၊ ပန်းတိုင် အထွက်စံပြကွက် ဧက ၃၀၀ နှင့် SRI ၁၀ ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို