သရက်ချောင်း ဩဂုတ် ၁၉
နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်း၊ မျိုးသန့်များရရှိစေရန်၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီစိုက်ခင်း ၃ ခုမှ မြို့နယ်အတွင်းရှိ တောင်သူများအား ရိုဘတ်စတာကော်ဖီပျိုးပင် ၁ သိန်းကျော်အား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်ရှည်ပင်များအဖြစ် ရော်ဘာ၊ ကွမ်းသီးပင်များကို အဓိကထား စိုက်ပျိုးသောဒေသဖြစ်သဖြင့် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းသော မျိုးကောင်းမျိုးသန့်ကော်ဖီသီးနှံကို တိုးချဲ့စိုက်ပျိုးရန်၊ တောင်သူများ ဝင်ငွေတိုးလာစေရေးနှင့် လူနေမှုဘဝမြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာစေရန်၊ နှစ်ရှည်သီးနှံ ရော်ဘာ၊ ကွမ်းသီးပင်တန်းကြားတွင် ကော်ဖီပင်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်အသုံးချမှုတိုးတတ်လာစေရန်၊ မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ကော်ဖီပင်များတိုးချဲ့စိုက်ပျိုးရန် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ကော်ဖီပျိုးပင် ၁ သိန်းကျော် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)